PRAISE Seed Research Book
သင့် အစားအစာအကြောင်း
သင် သိဖို့လိုပါတယ်
===============
သင့် ထမင်းစားပွဲပေါ်က
အစားအစာများကို ဘယ်သူ
တွေက ထိန်းချုပ်လာနေကြသလဲ
ဆိုတာ သင် သိပါသလား?
ကျနော် ဖတ်ခွင့်ရလိုက်တဲ့
သုတေသန စာတမ်း တခု
ကနေ အခုဖော်ပြလိုက်တဲ့
မေးခွန်း ထွက်ပေါ်လာရပါတယ်။
စာတမ်း အမည်က
” လုပ်ကွက်ငယ်တောင်သူများနှင့်
အတူ ရှေ့သို့ချီတက်ခြင်း – သာတူ
ညီမျှကြီးပွားရေးအတွက် အများပါ
ဝင်နိုင်သည့် မူဝါဒချမှတ်ခြင်း”
(PRAISE) ၂၀၁၉ ခုနှစ် မတ်လ။
ပြုစုထုတ်ဝေတဲ့ အဖွဲ့
အစည်းက မေတ္တာဖွံ့ဖြိုးရေးဖောင်
ဒေးရှင်းဖြစ်ပါတယ်။
စာတမ်းကို ဖတ်ရှုပြီးသွားချိန်မှာ
တိုင်းပြည်တခုရဲ့ လုံခြုံရေး ကို
စစ်ရေးအမြင် ဆိုတဲ့ ရှုထောင့်
တခုသာမကဘဲ မျိုးစေ့ များရဲ့
လုံခြုံရေး ရှုထောင့်ကပါ ကြည့်
ဖို့လိုအပ်နေကြောင်း နားလည်
လိုက်ရပါတယ်။
မြနိမာနိုင်ငံရဲ့ စိုက်ပျိုးရေးသည်
ပြည်တွင်းအသားတင် ထုတ်ကုန်
တန်ဘိုးများရဲ့ ၃၇.၈ ရာခိုင်နှုန်း
ကို ကိုယ်စားပြုနေတယ်။ တောင်သူ
လယ်သမား အင်အားစုကြီးဟာ
နိုင်ငံလူဦးရေရဲ့ ၆၄.၈ ရာခိုင်နှုန်း
ကို ကိုယ်စားပြုနေတယ်။
မြန်မာပြည်မှာ စိုက်ပျိုးထုတ်လုပ်
နေသော မြေဧကပေါင်း ၅၃ သန်း
ရှိနေတယ်။ ထိုမြေယာဧက များရဲ့
၉၅ ရာခိုင်နှုန်းကို လုပ်ကွက်ငယ်
တောင်သူများ (small holder)
က လုပ်ဆောင်နေကြပါတယ်။
ကျနော်တို့ ပြည်သူများ စားသုံးဖို့
အစားအစာများကို စိုက်ပျိုးရာမှာ
မြေကြီး ရှိရမယ်။ စိုက်ပျိုးသူ ရှိရမယ်။
မျိုးစေ့ ရှိရပါမယ်။ လက်ရှိမှာကတော့
စာတမ်းရဲ့လေ့လာမှု အရ မြန်မာအစိုးရ
ရဲ့ မျိုးစေ့ဌာနကနေ ဖြန့်ချိပေးနိုင်တဲ့
မှတ်ပုံတင်ပြီးသား မျိုးစေ့မှာ တနှစ်
လျှင် တင်း တသိန်းခန့်သာရှိပါတယ်။
မြန်မာပြည်က တောင်သူများ လိုအပ်
နေတဲ့ မျိုးစေ့ပမာဏကြီးရဲ့ ၁၀ ရာခိုင်
နှုန်းကိုပဲ ဖြည့်ဆည်းပေးနိုင်ပါတယ်။
လိုအပ်နေတဲ့ မျိုးစေ့ပမာဏ များ
အတွက် မျိုးစေ့ကုမ္ပဏီများ နဲ့
တောင်သူလယ်သမား မျိုးစေ့
ထုတ်လုပ်သူများထံက ရယူ
နေကြရပါတယ်။
ဝမ်းသာစရာ လေ့လာတွေ့ရှိ
ချက်တခုကတော့ မြန်မာနိုင်ငံရဲ့
စပါးမျိုးစေ့ ၈၀ ရာခိုင်နှုန်းခန့်မှာ
မြန်မာတောင်သူများ စုဆောင်း
ထိန်းသိမ်းထားတဲ့ မျိုးစေ့များ
ဖြစ်ပါတယ်။ စပါး အပြင်အခြား
အပင်မျိုးဗီဇ အရင်းအမြစ်များကို
ထိန်းသိမ်းစောင့်ရှောက် ပေးနေသူ
များမှာလည်း တောင်သူလယ်သမား
များသာဖြစ်နေကြပါတယ်။
ဝမ်းနည်းစရာ လေ့လာတွေ့ရှိ
ချက်ကတော့ နိုင်ငံတော်အဆင့်
မျိုးစေ့လမ်းပြမြေပုံ ရေးဆွဲတဲ့
အခါ၊ အပင်မျိုးသစ်အကာအကွယ်
ပေးရေး ဥပဒေ ရေးဆွဲတဲ့အခါ၊
မျိုးစေ့ဆိုင်ရာ အမျိုးသားမူဝါဒ
ချမှတ်ကြတဲ့အခါ အချက်အခြာ
အားထားရာ တောင်သူလယ်သမား
များရဲ့ ဆန္ဒအသံတွေ ပါဝင်မှု
ရှိမနေခြင်းပါပဲ။
လက်ရှိမြန်မာပြည် စိုက်ပျိုးရေး
အတွက် မျိုးစေ့ထုတ်လုပ်ဖြန့်ချိ
မှုလုပ်ပေးနေတဲ့ ကုမ္ပဏီ ၄၃ ခုရှိ
ကြောင်း စာတမ်းမှာဖော်ပြထားတယ်။
ထိုအထဲမှ ကုမ္ပဏီ ၇ ခုကသာ ပြည်တွင်း
မှာမျိုးစေ့ ထုတ်လုပ်နေပြီး ကျန်ကုမ္ပဏီ
များကတော့ ပြည်ပကနေ မျိုးစေ့များ
ကိုတင်သွင်းလျှက်ရှိနေပါတယ်။
သတိထားရမယ့် အချက်တချက်
ကိုလည်း စာတမ်းမှာ ဖော်ပြထား
ပါသေးတယ်။ မြန်မာနိုင်ငံရဲ့ ရင်းနှီး
မြှုပ်နှံမှု ဥပဒေအသစ်ထဲမှာ မျိုးစေ့
ကုမ္ပဏီများကို နိုင်ငံခြားသားများအား
၁၀၀ ရာခိုင်နှုန်း ပိုင်ဆိုင်ခွင့်ပေးထား
တဲ့ အချက်ပါပဲ။ စာတမ်းမှာတော့
လက်ရှိ မြန်မာပြည်မှာ မျိုးစေ့ကဏ္ဍ
ကို စီမံနိုင်စွမ်းနိမ့်ကျနေချိန်၊ ဇီဝဆိုင်
ရာလုံခြုံရေးအတွက် သေခြာစွာ
မချမှတ်နိုင်သေးချိန် တိုင်းပြည်
အတွက် အန္တရာယ်ကြီးလှကြောင်း
တင်ပြထားပါတယ်။
နောက်ထပ်စိုးရိမ်ဖွယ် ကိစ္စက
မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ
အပင်မျိုးသစ်များကို အကာအကွယ်
ပေးရေးသမဂ္ဂ – UPOV အဖွဲ့ဝင်
နိုင်ငံဖြစ်ဖို့ ပြင်ဆင်နေပါတယ်။
တကယ်လို့ ဝင်ရောက်သွားပြီဆိုရင်
တောင်သူလယ်သမားများ လက်ထဲ
က မျိုးစေ့များဟာ ကန့်သတ်ထိန်းချုပ်
မှုတွေ၊ ယခင်ရှေးရိုးရာအတိုင်း မျိုးစေ့
လက်ဆောင်ပေးတာ၊ မျိုးခံပြီးပြန်စိုက်
တာ၊ မျိုး ဖလှယ်တာတွေ လုပ်ဖို့
အခွင့်အရေးဆုံးရှူံးခြင်းများ
ကြုံလာနိုင်ပါကြောင်း စာတမ်းမှာ
ဖော်ပြထားတယ်။
မြန်မာနိုင်ငံက စျေးကွက်စီးပွားရေး
စနစ်ထဲ တိုးဝင်နေချိန်မို့ ဝင်ငွေရရှိဖို့
ငွေပေါ်သီးနှံများကိုပဲ အလေးထား
အားပေးနေပါတယ်။ သို့ပေမယ့်
အာဟာရတန်ဘိုး၊ ယဥ်ကျေးမှု
အမွေအနှစ်တန်ဘိုး၊ စိုက်ပျိုးရေး
ဇီဝပဒေသာ ဖြစ်ခြင်းတန်ဘိုးများ
ကို မေ့လျော့မထားသင့်ကြောင်း
စာတမ်းမှာ အဆိုပြုထားပါတယ်။
တဘက်မှာလည်း မြန်မာနိုင်ငံ အစိုးရ
အဆက်ဆက် ပါဝင်လက်မှတ်ထိုးထား
ကြတဲ့ အပြည်ပြည်ဆိုင်ရာ စာချုပ်
တွေရှိပါတယ်။ ရာသီဥတုပြောင်းလဲ
ခြင်းဆိုင်ရာ၊ ဌာနေတိုင်းရင်းသားများ
အခွင့်အရေးဆိုင်ရာ၊ ဇီဝမျိုးစုံ မျိုးကွဲ
များဆိုင်ရာ၊ စားနပ်ရိက္ခာနှင့်စိုက်ပျိုး
ရေး အပင်မျိုးဗီဇရင်းမြစ်များဆိုင်ရာ
စာချုပ်တွေကို သဘောတူထားတာ
ရှိပါတယ်။
နိုင်ငံတကာ စာချုပ်တွေမှာ သဘော
တူလက်မှတ်ရေးထိုးတားတာကြောင့်
မျိုးစေ့နဲ့ပတ်သက်သော ဥပဒေ မူဝါဒ
များရေးဆွဲတဲ့အခါ သဘောတူညီထား
တဲ့အတိုင်း ထည့်သွင့်ကျင့်သုံးလိုက်နာ
ရမှာ ဖြစ်ပါတယ်။ သို့ပေမယ့် လက်ရှိ
ရေးဆွဲြပဌာန်းထားတဲ့ ဥပဒေ မူဝါဒ
များထဲမှာ ကိုးကားထည့်သွင်းမှု
အားနည်းနေကြောင်း စာတမ်းအရ
ကျနော် နားလည်မိရပါတယ်။
အနာဂတ်မြန်မာနိုင်ငံ ရဲ့
စာနပ်ရိက္ခာဖူလုံရေး နဲ့
စာနပ်ရိက္ခာလုံခြုံရေး
များသည် နိုင်ငံရဲ့ အချုပ်အခြာ
ကိစ္စများဖြစ်နေကြောင်း ပိုမို
သတိပြုမိလာစေပါတယ်။
PRAISE စာတမ်း သို့မဟုတ်
လုပ်ကွက်ငယ်တောင်သူများနှင့်
အတူ ရှေ့သို့ချီတက်ခြင်း – သာတူ
ညီမျှကြီးပွားရေးအတွက် အများ
ပါဝင်နိုင်သည့် မူဝါဒချမှတ်ခြင်း
သုတေသန စာတမ်းကို ခံစားမိ
ရသည့်အတိုင်း မိတ်ဆက်ပေး
လိုက်ရပါတယ် ခင်ဗျား။
ကိုပီတိ
၃၁ ရက် အောက်တိုဘာ ၂၀၂၀